ကုသိုလ်ကံဆိုတာ ကောင်းချင်ရင် လိုက်မမှီဘူးဆိုရမလိုပဲ၊ ဘာလုပ်လုပ် အဆင်မပြေလာတဲ့ ကျနော် ဒီတစ်ခါ သတိလွတ်သွားတယ်ပဲ ဆိုရမလား။ တော်တော် သာယာမိသလို ကိုယ့်ကိုယ်ကိုထိန်းကွပ်ဖို့ လျော့နည်းသွားခဲ့တယ်။
သူငယ်ချင်းတွေ ပြန်သွားပြီဆိုတော့ အိမ်မှာ လူထပ်ထည့်ဖို့လိုအပ်လာပြီ၊ ကျနော် တို့က ရေထဲမှာအနေများတဲ့ သူတွေမို့ ကုန်းပေါ်မှာနေတဲ့သူ အိမ်စောင့်ဖို့လိုအပ်လာတယ်။ ကျနော့် မိတ်ဆွေ တစ်ယောက် အကူအညီနဲ့ စံလင်းလတ်ဆိုတဲ့ ညီ တစ်ယောက် ရောက်လာတယ်။ နောက်မှသိရတာက ကျနော့် နယ်သား မှော်ဘီကတဲ့ဗျာ။ ကျနော်က မှော်ဘီမှာ တစ်လပြည့်အောင် မနေဖူးတာမို့ အသိအကျွမ်းရယ် မရှိလောက်အောင်ပါပဲ။ နောက် ရန်လေး ဆိုတဲ့ အငယ်ဆုံး ညီတစ်ယောက် ထပ်ရောက်လာတယ်။ နောက်ထပ် အခန်းတစ်ခန်းကို ကုန်းပေါ်မှာ လုပ်နေတဲ့ လူနှစ်ယောက်ထပ်တင်တယ်။
ကိုက အခန်းတွေ အိမ်တွေ ငှားစားတဲ့သူ မဟုတ်တော့ ဘာမှနားမလည်ခဲ့ဘူး။ နောက်ရောက်လာတဲ့ နှစ်ယောက်ကအနေအထိုင် အတော်သပ်ရပ်တယ်။ တစ်ခါတစ်လေ ရှိလို့ရှိမှန်းတောင် မသိရဘူး။ ကိုယ်တွေကတောင် ပြန်အားနာနေရတယ်။ နောက် ကျနော့် သူငယ်ချင်းရဲ့ ညီတစ်ယောက်ထပ်ရောက်လာတယ်၊ ကျောင်းလာတက်တာမို့ သူ့ကို ကျောင်းသားလို့ခေါ်တယ်။ တစ်ကယ်ဆို အိမ်ရှင်{အိမ်သူကြီး} နဲ့ အိမ်ငှားကြားမှာ စာချုပ် စာတမ်း(သို့) လိုအပ်တယ်၊ ကြိုတင်ငွေ တစ်လစာ ပေးရမယ်၊ ပြီးတော့ အိမ်ရဲ့စည်းကမ်း၊ မနေချင်တော့ရင် ဘယ်နှစ်လ ကြိုတင်၊ အိမ်ငှား ရဲ့ ပက်စပိုစ့် နှင့် နေထိုင်ခွင့်ကဒ် မိတ္တူ အစရှိသည်ဖြင့်ပေါ့။
ကျနော်တို့ အရင်နေခဲ့တာက သင်္ဘောသားတွေပဲ အကြောင်းသိတွေပဲဆိုတော့ ပြဿနာ မရှိဘူးပေါ့။ နောက်လာတဲ့ နှစ်ယောက်ထဲက တစ်ယောက်ကို နဲနဲမသင်္ကာ ဖြစ်လာတယ်။ တစ်ခါတစ်လေ အလုပ်သွားချင်မှ သွားတယ်၊ အလုပ်ချိန်ကလဲ ပုံမှန်မရှိဘူး၊ နေ့ဝက်လောက်သွားပြီး ပြန်လာတာခဏခဏပဲ၊ အိမ်က ကလေးတွေကို မှာထားရတယ်။ သတိထားကြည့်ဖို့ပေါ့။ တစ်ရက် ကျနော်အိမ်ပြန်ရောက်တော့ ကျောင်းသားက ပြောလာတယ်။ ကျန်ခဲ့တဲ့ ၂ရက်က အိမ်ကိုလာစစ်တယ်၊မိုးတွေရွာလို့ အဝတ်တွေ အခန်းထဲကို ရွှေ့ထားလိုက်တာ ကျနော် မသင်္ကာတဲ့တစ်ယောက်ကအဝတ်တန်းတွေ ကြားမှာ ဝင်ပုန်းနေတယ်၊ သူ့ကျောင်းသားကဒ်ကို စစ်သွားတယ်တဲ့။ ကျနော်တော်တော် လန့်သွားတယ်၊ ငါထင်တာ မှန်နေပြီလားပေါ့။ ဟုတ်နေရင်တော့ ဒေါ်မြတ်မွန် ပြောသလို ဒွတ်ခ။ ကျနော် တော်တော် ခေါင်းကျိန်းနေပြီ။
သူတို့ဆီက အထောက်အထား စာရွက်စာတမ်းလဲ ကျနော့်မှာ ဘာမှမရှိ။ ဒဲ့မေးကြည့်ရင်လဲ အားနားစရာဖြစ်နေရော။ ကျနော်လဲ နဲနဲတော့ ကြောက်လာပြီ။ တစ်ညတော့ ကလေးတွေကို အထာလေးနဲ့ မင်းတို့ရဲ့ စာရွက် စာတမ်းမိတ္တူတစ်စုံစီ ပေးကြပါ၊ အေးဂျင့်က တောင်းနေပြီလို့ပြောလိုက်တော့ သူတို့နှစ်ယောက် မျက်နှာပျက်သွားကြတယ်။ ဒါဆို သေချာသလောက် ဖြစ်နေပြီ။ ကျနော် နောက်တစ်ရက်ထပ် ပြောတာ။ ဒင်းတို့ တုံဏိဘာဝေပဲ။ တတိယမြောက်နေ့ ထပ်ပြောတော့ ကျနော့်လက်ကို အသာကုပ်ပြီး အခန်းထဲကိုခေါ်ပြီး ပြောတာက ကျနော်တို့ ရှာပေးရမှာလားတဲ့။ ဟာ ..... ဘာကို ရှာပေးရမာလဲ၊ ခင်ဗျားတို့ ကိုယ်ပိုင်လေ ဆိုတော့ မရှိဘူးလေဗျာ၊ ကိုကြီး မသိဘူးလားတဲ့။

ဟိုက် ရှာလပတ်ရည် သံပုရာရည် သေပါပြီ.... ကျနော် ငွေလိုချင်လို့ အိမ်ငှားစား တာမှ မဟုတ်တာ။ အိမ်စောင့် လိုချင်တာပါဗျာလို့။ "ဝ" တွေဗျာ၊တော်သေးလို့၊မဟုတ်ရင် ကိုကြီးတို့ "စ" လုံးက မော်စကို နဲ့ ညားတော့မလို့။ ဒီအမှုက အန္တရာယ် သိပ်ကြီးတာ၊ တစ်ပတ်အတွင်း အိမ်ခန်းအမြန်ရှာခိုင်းပြီး အိမ်ပြောင်းခိုင်းလိုက် ရပါတော့တယ်။ ဟူး.... အားနာနာနဲ့ပဲ၊ ဒါပေမယ့် ကျနော်လဲ ကိုယ့်ဘဝပျက်ခံပြီး မကူညီနိုင်ဘူးလေ။ အိမ်မှာလူဟောင်းထဲက ကိုမင်း ထွန်းထွန်း ကိုမင်း စံလင်းလတ် ရန်လေး ကျောင်းသားတို့ပဲ ကျန် တယ်။ နောက် အဘ နဲ့ ဦးလေး ထပ်ရောက်လာတယ်။ အားလုံးထဲမှာ လိမ္မာပါးနပ်ဆုံးက စံလင်းလတ်၊ ကျနော်တို့တွေရဲ့ ယုံကြည်ရဆုံးဖြစ်လာတယ်။ မသောက်တတ် မစားတတ်တဲ့ အပြင် ကျနော်တို့ဒဏ်ကို အတော်ခံနိုင်တဲ့သူ။ ကျနော်တို့ရဲ့ ဘဏ်အကောင့် လျှို့ဝှက်နံပါတ် သော့တွေ အရေးကြီး ကိစ္စတွေ အားလုံး သူ့ကို အကုန်အပ်ထားတယ်။ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တဲ့အပြင် သာရေး နာရေး လူမှုရေးတွေကို သူနဲ့ပတ်သတ်ပြီး အရင်ထက် ပိုလုပ်ဖြစ်လာတယ်။ တစ်လတစ်ခါ အခါကြီးရက်ကြီးတွေမျိုးမှာ ဆွမ်းကပ်တာ လှူဒါန်းတာတွေဟာ ကျနော်တို့မိသားစုလေး အတွက် အမှတ်ရစရာတွေ မနည်းမနောပါပဲ။ နာဂစ်တုန်းကဆို သင်္ကန်းအစုံ ရာကျော် နဲ့ အဝတ်အစားတွေ ပုံနေတာပါပဲ။ ကျနော်တို့ အခက်အခဲ မျိုးစုံကြားကနေ ပေးပို့နိုင်ခဲ့ တယ်။ ရန်လေးက ရိုးရိုးအအရယ်၊ လုပ်သမျှ တလွဲရယ်မို့ ကျနော့် ညီမ နဲ့ ဘုန်းမော်က သူ့ကိုခေါ်တာ ရန်တလွဲတဲ့။ ကျနော်က မှာထားတယ်၊ အိမ်မှာ ဘုရားပန်း မညှိုးစေနဲ့၊ သောက်ရေဗူး ရေမရှိတာ အိမ်သာ ညစ်ပတ်တာ လုံးဝမဖြစ်စေနဲ့၊ ခြေအိတ် အတွင်းခံ ဘောင်းဘီ စက်ထဲ ထည့်မလျှော်ရလို့။ အဲ့ဒါတွေကိုတော့ ကျနော် လုံးဝခွင့်မပြု ခွင့်မလွှတ် ခဲ့ဘူး။ လွတ်လွတ် လပ်လပ်နေလို့ရတယ်။
နောက်ထပ်ကျောင်းသား တစ်ယောက်ထပ်ရောက်လာခဲ့တယ်။ အစကတော့ အေးဆေး။ မိဘတွေက အထည်ကြီး ကိန်းကြီးတွေ၊ UK ကအစ်မက လစဉ် $ 1500 ပို့ပေးတယ်။ ကျနော်အိမ်က လူတွေက စာနဲ့ပတ်သတ်ရင် အားပေးပြီးသား၊ လိုတာပြော။ လူကြီးတွေက အကြောင်းအမျိုးမျိုးကြောင့် ပညာရေးဆုံးခန်းမတိုင်ခဲ့တော့ သူတို့တွေကို အရမ်းဖြစ်စေချင်ခဲ့တယ်။ သူနဲ့ မတိမ်းမယိမ်းရောက်လာတာက PS ဆိုတဲ့ ကောင်လေး တစ်ယောက်၊ တာမွေက ကုလား ညီရဲ့ သူငယ်ချင်း။ ခက်တာက အိမ်ကို တစ်ခေါက်လာ
ပြီးသွားတဲ့သူက ကျနော်တို့အိမ်မှာ နေချင်တယ်ဆိုတာတွေ ဖြစ်ဖြစ်လာတယ်။ သူတို့ နေခဲ့ဖူးတဲ့ အိမ်တွေမှာလို အိမ်သူကြီး မျက်နှာကို အရိပ်အကဲ ကြည့်စရာ မလိုဘူးလေ။ အစတော့ ဟုတ်မလိုလိုနဲ့ နောက်ပိုင်းဖောက်လာတယ်။ ကျောင်းသား ၂ယောက်ကို အခန်းပေါင်း ထားပေးလိုက်တာ ပိုဆိုးသွားတယ်။ ပထမကျောင်းသားက အေးတယ်၊
ဒါပေမယ့် သူနဲ့မဆိုင်ရင် နေတတ်သလို နေတယ်။ ကျနော့် မိသားစုစိတ်ဓာတ်နဲ့ တစ်ခြားစီပဲ။
သူတို့ ကြောက်တာက ကျနော် နဲု့ အဘပဲ။ ကိုမင်းကတော့ ပြောလိုက်ရင် ပိဿာ လေး ဘေးပစ်ပဲ။ မီးပူတိုက်ရင်း စောင်မီးကျွမ်းသွားတာတို့ မီးခလုတ်မပိတ်ပဲ ဒီတိုင်းထား
သွားတာတို့ မီးဖိုက ဆီအိုးမှာ မီးတွေထလောင်တာတွေ၊ ကျနော်တို့ မရှိတဲ့အချိန်တွေမှာ အိမ်က ညီတွေကို ပြဿနာရှာလာတော့စည်းလုံးမှုပြိုကွဲ ချင်လာပြီ။ တစ်ရက် ညီအစ်ကို တွေ အားလုံး အိမ်မှာဆုံတဲ့ ညဘက်မှာ ကျောင်းသား ၂က သူ့အမေကို ဖုန်းဆက်ရင်း ထဆဲလိုက်တာဗျာ၊ ကျနော့် ဘေးနားမှာထိုင်နေရင်း ပြောလိုက်တာ ကိုယ့်နားတောင်
ကိုယ်မယုံဘူး။ ညီအစ်တွေ အားလုံးလဲ ပါးစပ် အဟောင်းသားတွေနဲ့။ အိမ်မှာနေတဲ့ ညီအစ်ကိုတွေ အားလုံးက မိဘတွေကို ဦးခေါင်းပေါ်တင်ထားကြတဲ့ သူတွေဆိုတော့
ဘယ်လိုမှ နားလည်ပေးလို့ မရတော့ဘူး။ ဒင်းကို မိုးကြိုးပစ်တာ အရေးမကြီးဘူး။ စက်ကွင်းမလွတ်ရင် ကိုယ်တွေပါ အဆစ်အပါ မခံနိုင်တော့ဘူး။ အားလုံးရဲ့ မျက်လုံးတွေ ကကျနော့်ကို စိုက်ကြည့်နေကြပြီ။ ကိုကြီး ဘယ်လိုလုပ်မလဲပေါ့။ ကိုယ်ကလည်း အားနာ တတ်တဲ့သူ ဆိုတော့ ပြောဖို့ကမထွက်၊ မတတ်နိုင်ပါဘူးလေ။ ကျနော်ပဲ ပြီးအောင် ဆက်ကရတော့မှာပေါ့။
ကျောင်းသား နှစ်ယောက်လုံးကို အခန်းရှာပြီး ဒိုးတော့လို့။ ကျနော်တို့ ထွက်သွားမှ ဖြစ်မှာလားပေါ့၊ ဟုတ်တယ်ကွာ ငါဘာမှ မပြောချင်တော့ဘူးလို့။ စိတ်တော့မကောင်းဘူး ပေါ့ဗျာ။ နောက် ၃ရက်လောက် ကြာတော့ မနက်အိပ်ယာနိုးတော့ ကျောင်းသား ၂ ကို အိမ်မှာ ပြန်တွေ့တယ်။ အဘကပြောတယ် ည သန်းခေါင်ကြီး ရောက်လာတော့ အားနာ လို့ တစ်ည လက္ခံထားလိုက်တာတဲ့။ စိတ်ညစ်သွားတယ်။ သူက ပြောပါတယ်၊ ဒီနိုင်ငံမှာ ကိုကြီးတို့လို အိမ်မျိုး ဘယ်မှာမှ မရှိပါဘူးဆိုတာ သိပါပြီ၊ ကျနော် ကိုကြီး နဲ့ အဘ ခြေသလုံးပဲ ဖက်ရဖက်ရတဲ့ဗျာ။ မင်းကို ကြိုမပြောဘူးလား၊ ငါတို့က တစ်ပေါက်ထိုး သမားတွေ၊ ဟင် ဆိုရင် လှည့်ကြည့်တတ်တဲ့ လူတွေ မဟုတ်ဘူး။ ဒါကြောင့် ငါတို့စိတ်ပျက်အောင်မျိုး မဖြစ်ပါစေနဲ့လို့ ပြောထားခဲ့တယ်။ အိမ်မှာ ကျနော် ကိုယ်တိုင်က ဟင်ပြီဆိုရင် ကျန်တဲ့ညီအစ်ကိုတွေက ပြောစရာမလိုတော့ဘူးလေ။ ဒီအိမ်မှာ အစားအသောက် အလျှံအပယ၊် အဘ ဦးလေး ကိုမင်း ထွန်းထွန်း တို့က ဟင်းချက်အရမ်းကောင်းတဲ့သူတွေ။ ချက်ရင်လည်း ဟင်းအမယ်စုံ ငါးပိရည် တို့စရာ ဆေးလိပ် ဘီယာ ဘာမှလိုလေသေးမရှိ။ သင်္ဘောမှာ သူများချက်ကြွေးတာကို အဆင်သင့် စားပြီး အိမ်မှာပြန်ချက်ကျွေးရတာ {ကျေးဇူးရှင်လေးတွေမို့}။ ဆင်းတဲ့လူတွေက မုန့်ဖိုးပေးရင် အနည်းဆုံး $ 50. ရှော့ပင်ထွက် ရင်ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်တွေနဲ့ တန်းတူ၊ ကြိုက်တာယူ။ သူတို့မို့လို့ဗျာ .....
လူဆိုတဲ့ သဘောသဘာဝက လွယ်လွယ်ရရင် တန်ဖိုးမထားတတ်ချင်ဘူး။ နေရာ တစ်ခုအတွက် ဒုက္ခမခံခဲ့ရဘူးတော့ အဲ့ဒီ ဒုက္ခရဲ့ အရသာကို မသိဘူး။ မေတ္တာဆိုတာကို အလကားမတ်တင်းနဲ့ရတော့လျော့ဈေးနဲ့ ပြန်ရောင်း ထုတ်ချင်ကြတယ်။ မေတ္တာကို ပြက်ရယ်ပြုသူ အလေးအနက်မထားသူတွေကြောင့် မေတ္တာပျက်ခဲ့ရတာတွေကို အခန်း (၂၀) မှာ ဆက်လက် ဖတ်ရှုကြစေချင်ပါတယ်။

0 comments:
Post a Comment