မတည်မြဲခြင်း ပြောင်းလည်းခြင်းတွေနဲ့ အတူ ရွေ့လျားနေရတဲ့ ကျွန်တော်လဲ အလိုက်သင့် စီးမျောနေရတာမို့ စာရေးဖို့ရာ အခွင့်အရေးမပေးပြန်ပါဘူး။ စိတ်ထဲမှာ ခံစားမှုတွေ ချပြချင်ပေမဲ့ ကျွန်တော့်မှာ အချိန်က ရှားပါးနေပြန်တယ်။ ဒါဆို... ခင်ဗျား ဘာလို့ အွန်လိုင်းမှာ ရှိနေတာလဲလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့.. ကမ္ဘာအနှံ့မှာ ရောက်နေကြတဲ့ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် သင်္ဘောသားညီအစ်ကိုတွေကို ကျွန်တော်တတ်နိုင်တာလေးတွေနဲ့ ဒီနေရာလေးကနေ ကူညီပေးနေလို့ပါ။ ကျွန်တော်က ဒီနိုင်ငံကနေပြီးတော့ သူငယ်ချင်း အချင်းချင်းတွေကို မာကြောင်းသာကြောင်း သတင်းပါးပေးတယ်။ တစ်ခါတစ်ရံ သာရေးနာရေး လူမူရေးတွေအတွက် လိုအပ်တဲ့ ငွေကြေးအခက်အခဲတွေကို ကျွန်တော်ကတစ်ဆင့် ကူညီပေးနိုင်သလို ကျွန်တော့်အနေနဲ့ သူတို့ထက်စာရင် ရွှေပြည်ကြီးနဲ့ Updateရှိနေတာကြောင့်ပါ။ နောက်တစ်ခုက Gtalkမှာ တစ်ခါတစ်ရံ စကားပြန်မပြောမိတဲ့အကြောင်းကို အထက်ပိုစ့်တွေမှာ ပြောခဲ့ဖူးသလိုပါပဲ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့် မြန်မာလက်ကွက် မရတာရယ် တစ်ချိန်ထဲမှာ အားလုံးကို မတုံ့ပြန်နိုင်တာကြောင့်ရယ်ပါ။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် မောင်နှမတွေက ကျွန်တော့်အခက်အခဲကို နားလည်ပေးနိုင်ကြမယ်လို့လည်း မျှော်လင့်မိပါတယ်။ကျားပေါက်တော့ မဟုတ်ပါဘူး။ ကိုရီးပါ ဘာလိုလိုနဲ့ (၈)နှစ်ကျော် ဖြတ်သန်းခဲ့တဲ့ ကာလတွေကို ကျွန်တော် ပြန်စမ်းစစ်မိနေတယ်။ စထွက်လာတုန်းကတော့ (၂)နှစ်လောက်နေပြီးပြန်မယ်။ ဒါပေမဲ့ (၂)နှစ်တွေကို အကြွေးတွေ အတိုးတွေဆပ်ရင်း (၈)နှစ်လွန်ခဲ့ပါပြီ။ ပထမ(၂)နှစ်မှာ အခွန်ဆောင်စရာ ငွေမရှိလို့ သက်တမ်းထပ်တိုး၊ နောက်နှစ် နောက်နှစ်တွေမှာလည်း ရယူလိုချင်ခြင်းတွေ တက်မက်ခြင်းတွေ အသောမသတ်နိုင်သေးလေတော့၊ သြဂုတ်၊2010ဆိုရင် ကုမ္ပဏီနဲ့ စာချုပ်သက်တမ်း ပြည့်ပြန်ပြီ။ ရတဲ့လခရဲ့ ၁၀%ကို နိုင်ငံတော် အတွက် အခွန်ဆောင်ရအုံးမှာပါလား။ ပထမ (၄)နှစ်စာဆောင်ပြီးပေမယ့် ဒုတိယ(၄)နှစ်စာ ထပ်ပေးဆောင်ရအုံးမယ်။
(၈)နှစ်အတွက်ဘာတွေ ပြောင်းလည်းခဲ့ပါသလဲ။ ကျွန်တော် ဘာတွေဖြစ်ခဲ့ပါသလဲ။ သေချာတာကတော့ လွန်ခဲ့သော (၈)နှစ်က နုပျိုခြင်းတွေ ရိုးသားခြင်း ဖြုစင်ခြင်းတွေ ဘာမှ ပြန်မရနိုင်တော့ဘူး။ ချစ်ခင်သူတွေနဲ့ ဝေးကွာခဲ့ရတယ်။ လူမှုရေးတာဝန်တွေ ပျက်ကွက်ခဲ့တယ်။ ရွှေပြည်ကြီးရဲ့ တိုးတက်ပြောင်းလဲမှုတွေကို ဆွံ့အကျန်ခဲ့ရတယ်။ ချစ်ခင်သူတဲ့ သူတွေလည်း အဝေးကို ထွက်ပြေးကုန်ကြသလို ဒီရင်ထဲကို အစုလိုက်အပြုံလိုက် ၀င်လာတဲ့ သူတွေလည်း ရှိခဲ့တယ်။ သစ္စာရှိရှိ ချစ်ခဲ့ကြသူတွေ သစ္စာတရားကို တန်ဖိုးထားသူတွေ အတွက် ကျွန်တော်တာဝန်တွေ လစ်ဟင်းခဲ့တယ်။ နောက်ဆုံး စကားလုံးတွေ သုံးပြီး ဘ၀လက်တွဲဖော်ဆိုတဲ့ သူတွေကို စွန့်လွှတ်ခဲ့ရတယ်။ မရေရာတဲ့ ကိုယ့်ဘ၀ ဘယ်နေ့ဘယ်အချိန် ပြန်လာမှာလဲ ပြန်လာခဲ့ရင်ရော အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ပုဆိုးတန်းတင်နိုင်ပြီးလား။ သူတို့လေးတွေကို လွတ်လပ်ခွင့် ဆုံးဖြတ်ခွင့်တွေ လျှော်ကြေးပေးခဲ့လိုက်ပါတယ်။ မိန်းကလေးတစ်ယောက်အတွက် အသက်အရွယ် အချိန်အခါဆိုတာက မေ့ထားလို့မရဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် အားလုံးကို နားလည်အောင် ရှင်းပြစေပြီးမှ ချစ်လျှက်နဲ့ လမ်းခွဲခဲ့ကြတယ်ပေါ့....
ဘ၀မှာရွေးချယ်ခွင့်မရခဲ့တဲ့ သူတွေ၊ မရွေးချယ်နိုင်ခဲ့တာတွေကိုတော့ နားလည်ခွင့်လွှတ်ပေးပါလို့ပြောရုံက ကလွဲပြီး ကျွန်တော်ဘာများ ပြောနိုင်တော့မှာလဲ....? ထားပါတော့ဗျာ...။ တွေ့ဆုံကြုံကွဲ မမြဲတရားတွေပါပဲ။ အရင်ကလို မရေရာမသေချာတဲ့ ဘ၀ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီနေ့ ကိုရီး{ကိုကြီး}ဆိုတဲ့ အမည်တစ်ခုကို ရခဲ့ပြီ။ ကျွန်တော့်အတွက် မဟုတ်ပဲ အခြားသူတွေအတွက်လုပ်သင့်တာတွေလည်း လုပ်ခဲ့ပြီးပြီး။ မရေရာမသေချာတဲ့ဘ၀၊ ပိုလီယိုစွဲနေတဲ့ ကလေးတစ်ယောက် ဒီနေ့ လမ်းကောင်းကောင်းလျှောက်တတ်ခဲ့ပြီ။ သူများရဲ့ အမှီသဟဲကို အသုံးမပြုပဲ ကျွန်တော်လမ်းလျှောက်နိုင်ခဲ့ပါပြီ။ လျှောက်ခဲ့တဲ့လမ်းတွေမှာ ဆာဟာရကန္တာရဟင်းလင်းပြင်ဇရပ် အိုအေစစ်အမျိုးမျိုးတွေနဲ့ ကြုံခဲ့ရဖူးပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ခရီးတွေ မဆုံးသေးသရွေ့ ဆက်လျှောက်နေအုံးမှာပါ။
လျှောက်ရင်းနဲ့ အားတက်ခဲ့ရတာ အားပျက်ခဲ့တာတွေ တစ်ခါတစ်ရံ ရပ်တန့်ချင်လောက်အောင် ပြိုဆင်းခဲ့တာတွေ စိုက်ထူခဲ့တဲ့ မှတ်တိုင်တွေ။ ဪ... အဲ့ဒါဘ၀တဲ့လား....။ ဒီနေ့ဒီအချိန်မှာ ကျွန်တော်ဝေခွဲရခက်နေခဲ့ပြီ... ခက်ခက်ခဲခဲ ဖောက်ခဲ့ရတဲ့ လမ်းဟောင်းကိုပဲ ဆက်လျှောက်ရရင်ကောင်းမလား သံယောဇဉ်တွယ်နေတဲ့ ဒီလမ်းလေးကိုလည်း မစွန့်ရက်နိုင်။ လမ်းသစ်ကိုလည်း စဖောက်ဖို့ ငါ့မှာ အင်အားတွေရှိပါသေးရဲ့လား...။ ဒီစာရေးနေရင်းနဲ့ပဲ ညီမတစ်ယောက်စီက email ၀င်လာတယ်။ လမ်းဖောက်ဖို့အတွက် လမ်းကြောင်းလေးတွေကို ချပြပေးလာတယ်။ ကျေးဇူးပါ မဖြူ။ တကယ်ကို ဒွိဟဖြစ်နေခဲ့ရပါပြီ။ “သေချင်တဲ့ကျား၊ တောပြောင်း၊ တစ်ရွာမပြောင်း သူကောင်းမဖြစ်”တဲ့။ ဆုံးဖြတ်ရမဲ့ အချိန်က နှစ်လတောင်မရှိတော့ဘူး။ အသက်အရွယ်ကလည်း စကားပြောလာခဲ့ပြီ။ ငယ်စဉ်ကလို ရူးရူးမိုက်မိုက် မဆုံးဖြတ်ရဲတော့သလို မပြတ်သားနိုင်ဘူးဖြစ်နေခဲ့တယ်။ မိမိကိုယ်ကိုယ် ဝေခွဲမရနိုင်ခြင်းတွေက ကြီးစိုးနေခဲ့တယ်။
ထားပါတော့ဗျာ...။ ဘယ်လို အခြေအနေမျိုးတွေပဲ ဖြစ်ဖြစ် (၈)နှစ်ကာလအတွင်း ကျွန်တော့်ကို လက်တွဲခေါ်ခဲ့သူတွေ ပေးကမ်းကူညီခဲ့ ဖေးမပဲ့ပြင်ဆုံးမခဲ့သူတွေ ညီရင်းအစ်ကို စိတ်တွေနဲ့ ကျွန်တော့်ရဲ့ အေးအတူပူအမျှတွေကို မျှဝေခံစားပေးခဲ့သူတွေ ဖြတ်သန်းပြောင်းလဲခဲ့တဲ့ ဘ၀မျိုးစုံမှာ ကျွန်တော့်အပေါ် မပြောင်းလည်းပဲ မေတ္တာပေးခဲ့သူတွေ ရေမြေခြားနေလို့ မတွေ့မမြင်ဖူးပဲနဲ့ ကျွန်တော့်ကို နွေးထွေးစေခဲ့သူတွေ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် ညီအစ်ကို မောင်နှမများအားလုံးကို လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိပါတယ်လို့ စေတနာစကားလေးဖြင့်သာ...
{ကိုကြီး}


3 comments:
အစစ အဆင်ပြေပါစေကိုကြီးရေ့..........
ဆုတောင်းပေးသွားပါတယ်ဗျာ...............
ခင်မင်ခြင်းအားဖြင့်..........
ဏီလင်းညို
ကိုရီး.. ကျွန်တော်လည်း ကိုယ်ချင်းစာတယ်ဗျာ.. ပျော်ပျော်နေတတ်တဲ့အကျင့်ဆိုတာဟာ.. သူရဲ့ ဘ၀ထဲက တစ်စုံတရာအတွက်.. မုဒိတာတရားများလားမသိဘူး.. အပြုံးတွေရဲ့ အောက်မှာ ကြေကွဲစရာဆိုတာ ရှိမှာပါ.. ဒါပေမဲ့ ကျွန်တော်တို့ ဒီနေ့ ရီနေတယ်.. ပျော်နေတယ်.. ဒါက လူတွေကို ရိုးရိုးသားသား နားလည်ပေးတတ်တဲ့ သူတွေအတွက် ဆုလဘ်ပါ..:)
ဘ၀တွေ ရောရာလာမှ ကျွန်တော်တို့ ညီအကိုတွေ အတူတူ ရပ်ကွက်ထဲမှာ ကောင်မလေးတွေကို အတူတူ ပြန်ပိုးကြတာပေါ့.. :P
cooll :)))
Post a Comment